home

Sunday, July 20, 2014

ဗြိတိသျှကိုကိုမောင်နှင့် မန္တလေး ကမ္ဘာမကြေဇာတ်လမ်း



မန္တလေးမှာ လှုပ်လှုပ်လှုပ်လှုပ် ဖြစ်သွားရသည်။ ထုံးစံအတိုင်း ဇာတ်လမ်းက မဟားဒယား ကိစ္စ။ ကိုကိုဦးတို့၊ စိုင်းအောင်တင့်တို့ ဇာတ်ဝင်ခန်းတွေက စသည်။ဒီကိစ္စတွေကလည်း မြန်မာပြည်မှာ အခုနောက်ပိုင်း တော်တော်များလာသည်။ လူမျိုးတူ ဘာသာတူချင်း ဖြစ်လျှင်တော့ မှုခင်းဂျာနယ်ထဲ ပါရုံလောက်။ လူတွေကလည်း ဟာကွာ ဒီကောင် မိုက်ရိုင်းလိုက်တာ ဒီလောက်နှင့်ပဲ ကိစ္စက ပြီးသွားသည်။ တရားဥပဒေက အဆုံးအဖြတ် နာခံရမြဲ ဖြစ်သည်။

လူမျိုးမတူ ဘာသာမတူတဲ့သူ အချင်းချင်း မဟားဒယား ကြပြီဆိုလျှင်တော့ ပြဿနာက မပြီးတော့ ...။

ဒီတော့ မင်းတို့ ဂလောက်အဝှာ ပြုချင်သပဆိုလည်း လူမျိုးတူ ဘာသာတူချင်း ရွေးပြုကြဟု ဆိုလို့ကလည်း မဖြစ်။
ဒီကိစ္စမျိုးက နဂိုကတည်းက အလိုမတူတာကို အဝှာပြုပါတယ်ဆိုမှ မှတ်ပုံတင် တောင်းကြည့်ဖို့ ဆိုတာလည်း မလွယ် ...။

တချို့ကလည်း အစကတော့ သဘောတူပြီး ကိစ္စဝိစ္စပြီးမှ ဈေးစကား အဆင်မပြေသဖြင့် တိုင်ဟဲ့ တောဟဲ့ ဖြစ်တတ်ကြသည်။
ဒီလိုမျိုး လိုက်စားတတ်သည့် ကိုကိုများ အဖို့ကတော့ လူမျိုးရေး၊ ဘာသာရေး ပြဿနာတွေ ကိုယ့်ဆီက မစစေဖို့ ကိစ္စပြုခါနီး မှတ်ပုံတင်လေး တောင်းကြည့်ပြီး စိစစ်ဖို့ လိုမည်ထင် ...။

တချို့က ပြောကြသည်။ ဒီလို ကျူးလွန်တဲ့လူတွေ သေဒဏ်ပေးလိုက်ပေါ့။ အဝှာ ဖြတ်ပစ်လိုက်ပေါ့။
ပြောတာက လွယ်သည်။
အဲဒီလို သေဒဏ်ပေးဖို့ဆိုတာ ဥပဒေ ပြောင်းလဲဖို့ လိုသည်။ ဒီခေတ် ဒီအခါက ပြင်ချင်တဲ့ ဥပဒေကျ ရန်ကုန်မှာ တက္တစီ ငှားရသလို လွယ်သလောက် မပြင်ချင်တဲ့ ဥပဒေကျ လေးသင်္ချေနှင့် ကမ္ဘာတစ်သန်း ပါရမီ ဖြည့်ရသည်ထက်ပင် ခက်သည်။

ဒီပြဿနာကို အခြေပြုပြီး ဘယ်ကမှန်း မသိသော လူအချို့က မြို့ရွှေမန်းရဲ့ လမ်းတွေပေါ် တက်လာသည်တဲ့။ တက်တာတောင် ရိုးရိုးတက်မလာ၊ ဆိုင်ကယ်စီးရင်း ကမ္ဘာမကြေ နိုင်ငံတော်သီချင်းပင် ဟစ်လိုက်သေးသည်။
ဒီအချက်ကို ကြည့်ရုံနှင့် ဒီဆရာသမားတွေက ကျောင်းနေဖူးဟန် မတူ။
ဗြိတိသျှတို့ ကျောင်းတက်တုန်းက ကျောင်းခန်းထဲ ကမ္ဘာမကြေဆိုလျှင် လက်သီးကိုဆုပ် ဖင်ကိုရှုံ့ပြီး သတိဆွဲဆိုခဲ့ရသည်။ လှုပ်လှုပ်ရွရွ သွားဆိုလို့ကတော့ အတန်းပိုင်ဆရာ ကြိမ်လုံးနဲ့ အုပ်တာ ခံရသည်။ အခုတော့ ဒီလူတွေက ဆိုင်ကယ်စီးရင်း တုတ်တွေ၊ ဓားတွေကိုင်ကာ ဝိုင်အမ်ဘီအေ ဆရာတင်ကို ဂုဏ်ပြုနေကြသည်။
မန္တလေးမြို့သည် အနုပညာယဉ်ကျေးမှု အားကောင်းသောမြို့ ဖြစ်သည်။ မြို့မငြိမ်း၊ နန်းတော်ရှေ့ ဆရာတင်တို့ရဲ့ ဇာတိချက်ကြွေမို့လို့လားမသိ ... အဓိကရုဏ်း ဖန်တီးတာတောင် တခြားမြို့တွေလို မဟုတ် ... ဂီတ အနုပညာလေးက ပါလိုက်သေးသည် ...။
အရင့် အရင်က မန္တလေးတွင် ရဲသားကြီး ကိုလှရွှေတို့သည် ဆိုင်ကယ်တစ်စီး ဖြတ်လာရင် ဘယ်နားဘယ်လို အပြစ်ရှာပြီး ဒဏ်ရိုက်ရမလဲဆိုကာ တကယ့် မဟာစစ်ဆင်ရေးကြီးအလား ပိတ်ဆို့ ဖမ်းဆီးလေ့ ရှိသည်။ အခုတော့ အနှီကမ္ဘာမကြေ အဆိုတော်များ သီချင်းဆိုရင်း ဆိုင်ကယ် စတန့်ပြ ရမ်းကားနေသည်ကို နားထောင် ကောင်းကောင်းနှင့် ငေးမော နားထောင်နေသည် ဟူသတတ် ...။
တွေ့လား သူတို့အကွက် ဆင်ထားလို့ ဘာမှ မလုပ်တာဟု အချို့က ပြောကြသည်။
အကောင်းမြင်သမား ဗြိတိသျှကတော့ အဲဒီလိုမထင်။
ရဲသားကြီးများသည် အနုပညာဓာတ်ခံ ရှိသည့်အလျောက် အနှီပုဂ္ဂိုလ် ကျော်များရဲ့ ကမ္ဘာမကြေ တေးသံတွင် မိန်းမောနေကြသည်ဟု တွေးသည်။

ကမ္ဘာမကြေ တေးသံနောက်တွင် လူအုပ်ကြီး တဖြည်းဖြည်း စုဝေးလာသည်ဟုလည်း သတင်းတွေ တက်လာသည်။ လူအုပ်ကြီးက အရင်လို ဒေါသ ထွက်နေသည့် လူအုပ်ကြီး မဟုတ်ဘဲ... အရက်မူးနေသည့် လူအုပ်ကြီးဟု သိရသည်။
အရက်မူးနေသည့် လူအုပ်ကြီး ဆိုသည်နှင့် လူတွေက ဗြိတိသျှတို့ သံချောင်း ပါတီဝင်တွေကို သံသယ ဖြစ်သွားကြမည် ထင်သည်။
မိမိတို့ သံချောင်းပါတီက အုပ်စုဖွဲ့ မူးတတ်သော်လည်း နိုင်ငံကို ချစ်သူများ ဖြစ်သည်။
သံချောင်းပါတီဝင်များ မူးနေလျှင် လမ်းပေါ်မှာ နိုင်ငံတော်သီချင်း ဘယ်တော့မှ မဆို၊ ကေတီဗီ တစ်ခုခုသို့သာ သွားပြီး တွံတေးသိန်းတန်ကအစ ဂျက်စတင်ဘီဘာ အဆုံး ဟဲတတ်သည့် စည်းကမ်း ရှိသူများ ဖြစ်သည်။ သံချောင်းပါတီဝင်များ မူးနေလျှင် သူတစ်ပါးပစ္စည်းကို အကြမ်းဖက် ဖျက်ဆီးဖို့ စိတ်မကူး ... ပါတီဝင် အချင်းချင်းသာ လှည့်ဆဲနေကြမြဲ ဖြစ်သည်။

ထိုအချိန်တွင် မန္တလေးက ပါတီဝင် လူကြီးပိုင်းများကလည်း စင်တင်စားသောက်ဆိုင် တစ်ခုတွင် ငြိမ်းချမ်းရေးအတွက် ခွက်လှည့်ကာ မိုက်ခ်လုနေကြကြောင်း သတင်းအတိအကျ ရရှိထားသဖြင့် သံချောင်းတွေ မဖြစ်နိုင်တာတော့ သေချာသည်။
အင်တာနက်တွင်တော့ ထိုရက်ပိုင်းက ဟိုနားမှာ ဟိုကောင် အသတ်ခံရပြန်ပြီ၊ ဒီနားမှာ ဒီကောင် အဆော်ခံရပြန်ပြီနှင့် နှစ်ဖက်လုံးက ဇာတ်နာသည့် သတင်းတွေ တက်လာသည်။
ရဲအင်အား ၅၀၀ တိုးချပြီး လုံခြုံရေးယူသည် ဆိုတော့ ဗြိတိသျှတို့လည်း အဝေးက ရင်အေးရသည်။
အကြမ်းဖက်သူ တချို့ကလည်း မီးရှို့မယ် တကဲကဲ လုပ်နေသဖြင့် မန္တလေးသားတချို့ စိုးရိမ်နေကြသည်။
မန္တလေးတိုင်း ဝန်ကြီးချုပ်ကတော့ ပန်းပဲမောင်တင့်တယ် နတ်ကဲ့သို့ မီးဆိုလျှင် အသံတောင် မကြားချင်တော့ဟု သိရသည် ...။ ဒီတစ်ခါ မန္တလေးမှာ မီးထပ်လောင်လျှင် ပထမတစ်ခါ မီးလောင်မှုတုန်းကလို ဥပဒေကို ထပ်ပြင်ရတော့မလားဟု တွေးကာ လွှတ်တော်ဥပဒေပြု သမားတို့မှာ မျက်ခုံးလှုပ် နေကြရောမည်။
နိုင်ငံတော် သမ္မတကြီးကလည်း ပြည်တွင်းက ဘာသာရေး ပဋိပက္ခများအား အမြန်ဆုံး ဖြေရှင်းပေးရန် ဂျပန်နိုင်ငံ ချွေးထုတ်ခန်းတစ်ခုတွင် ဆူရှီစားရင်း ချွေးတစ်လုံးလုံး အကြံထုတ်နေသည်ဟု ကြားရသည်။
ထုံးစံအတိုင်း အမျိုးဘာသာ အုပ်စုကလည်း ဟိုဒင်းအဝှာ ကိစ္စတွင် ဗမာအချင်းချင်း မဟားဒယားချင် ဒယား၊ ကုလားတော့ လာမဟားဒယားနှင့် ဆိုကာ ဖေ့ဘွတ်ပေါ်တွင် ဓားတဝင့်ဝင့် ဖြစ်နေကြသည်။
ဒီမိုအုပ်စု ဘက်ကလည်း ဒါနောက်ကွယ်က ကြိုးကိုင်ဖန်တီးပြီး ၄၃၆ ပြင်ဆင်ရေးကို အာရုံလွှဲတာဟု စွပ်စွဲကာ ဖေ့ဘွတ်ပေါ်တွင် နိုင်ငံရေးတိုက်ကွက် ဆင်ကြသည်။

ထိုအတောအတွင်း ဘုန်းကြီးနေသူများမှာ မန္တလေးမြို့မှ သတင်းထောက်မင်း အချို့ ဖြစ်သည်။ ကမ္ဘာမကြေ လူစွမ်းကောင်းကြီးများ ရန်ကြောင့် သတင်းလိုက် ယူတာတောင် လုံခြုံရေး အစောင့်အရှောက်ဖြင့် ယူနေရသည်တဲ့ ... ဘုန်းကြီးပေစွ ...။
ဗြိတိသျှမိတ်ဆွေ မန္တလေး သတင်းထောက်တစ်ဦးကတော့ သူ့ဥပဓိရုပ်က ကုလားဆင် ဖြစ်နေသဖြင့် မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး ပြောင်နေအောင်ရိပ်၊ နဖူးတွင် အရဟံဟု ရေးကာ သတင်းလိုက်ယူမည် ဖြစ်ကြောင်း သူ့အကြံအစည်ကို ပြောပြသည်။
ဒီကြားထဲ အဲ့ဒီပဋိပက္ခ အကြောင်းပြုပြီး သေသွားရှာသူ နှစ်ဦးနှင့် မိသားစု ပူဆွေးနေပုံတွေက အင်တာနက်မှာ တက်လာသည် ...။
အသုဘ ဖိတ်စာနှစ်ခုက Facebook ဖွင့်လိုက်သည်နှင့် အခန့်သား နေရာယူတော့သည် ...။
သက်ဆိုင်ရာ သက်ဆိုင်ရာ ဘက်တော်သားများက ဖေ့ဘွတ်ပေါ်တက်ပြီး လက်ကမြင်းခြင်းဖြင့် ရာဇမာန်တွေကို ပြကြသည်...။

ဗြိတိသျှ တစ်ယောက်လည်း အဲဒီအသုဘ မသာပုံကြီးတွေကို ကြည့်မိပြီး ညဘက် အိမ်သာတောင် မသွားရဲတော့သဖြင့် တော်တော် ဒုက္ခရောက်ရသေးသည်။
ဝက်ဘ်ဆိုက်အချို့တွင် မန္တလေး ကျုံးရှေ့မှာ ကား၊ ဆိုင်ကယ်တွေ စီတန်းနေပုံများ မြင်ရတော့ ဒီကာလကြီးမှာမှ ရှင်လောင်း လာလှည့်နေလား ဆိုပြီး ထင်မိသေးသည်။ နောက်တော့မှ ပဋိပက္ခတွင် အသက်ဆုံးရှုံးရသူ တစ်ဦး၏ အသုဘ ဖြစ်နေသည်။ ဆိုင်ကယ်မျိုးစုံ၊ စတိုင်လ်မျိုးစုံနှင့် သင်္ကြန်ရေပက်ခံ ထွက်သလို မသာလိုက်ပို့ သူတွေကို ဗြိတိသျှ ကြည့်ပြီး အံ့သြမိသည်။

အခြားမြို့များတွင် ဖြစ်ခဲ့သည့် ပဋိပက္ခများထက် မန္တလေး ပဋိပက္ခက ပိုထူးခြားသည်။
ဒေါသထွက်နေသည့် အသုဘပို့ လူအုပ်ကြီးက ကြာနီကန် သင်္ချိုင်းထဲ ဝင်မီးရှို့သဖြင့် မန္တလေး ပဋိပက္ခတွင် လူတွေ ပါမဟုတ် သရဲတွေပါ ဒုက္ခရောက်ရသောကြောင့် ဖြစ်သည်။ မီးသာအချိန်မီ မငြှိမ်းနိုင်ပါက မဖဲဝါနှင့် အပေါင်းအပါများခမျာ ဒုက္ခသည်များ အဖြစ်နှင့် ထမင်းထုပ်စားရကိန်း ဆိုက်သွားနိုင်သည်။

အခုတော့ မန္တလေးတွင် တပ်မတော်ကြီးလည်း ချီလာပါပြီဆိုသည့် သီချင်းသံကြောင့် ကမ္ဘာမကြေ ဆရာတွေရော၊ မီးရှို့ ဝါသနာရှင်များရော ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်သည်တဲ့ ...။
တပ်မ (၉၉) က လုံခြုံရေးယူပြီး ညမထွက်ရအမိန့် ထုတ်လိုက်သည်။ အနှီအမိန့်ကြောင့် မန္တလေးမြို့ပေါ်ရှိ ကေတီဗီနှင့် မာဆတ် အင်အားစုများ၏ ဝင်ငွေစီးဆင်း လည်ပတ်မှုများ ရပ်တန့်သွားမည်ကား သေချာသည်။
ဘာပဲဖြစ်ဖြစ် မန္တလေးမြို့ကြီး အပျက်ပျက်နှင့် နှာခေါင်း သွေးမထွက်တာကိုပဲ ကျေးဇူးတင်လှပါသည်။ နို့မို့ မိတ္ထီလာလို ဗမာရော ကုလားပါ ထမင်းထုပ် စားရသည့်ဘဝ ရောက်သွားနိုင်သည်။
ဒီလောက် အမိန့်ထုတ်ထားတာတောင် နေ့ခင်းဘက်ထွက်ပြီး ကမ္ဘာမကြေ လုပ်ချင်သပဆိုလည်း နေ့မထွက်ရ အမိန့်ပါ ထပ်ထုတ်ပြီး မန္တလေးသားတို့ ဘာအလုပ်မှ မလုပ်ကြဘဲ အိမ်က မိန်းမနှင့် ဖက်အိပ်ရုံသာ ရှိတော့သည်။
တစ်နိုင်ငံလုံး ဘယ်လိုဖြစ်နေနေ ဗြိတိသျှ အခုရောက်နေသော တောရွာလေးမှာတော့ တစ်နေကုန် ပိတ်ထားသော မာမူဆိုင်တွင် ညဦးပိုင်း ရောက်သည်နှင့် ဘုန်းတော်ကြီးတွေက လက်ဖက်ရည်ကြမ်း၊ လူကြီးလူငယ်တွေက ပလာတာ၊ စမူဆာ ကြိုက်နှစ်သက်ရာမှာ စားပြီး ကမ္ဘာ့ဖလားကို အေးချမ်းစွာ ခံစားနေကြသည် ...။
ကမ္ဘာ့ဖလားတွင် မြန်မာဘောလုံး အသင်းလည်း မပါသဖြင့် ကမ္ဘာမကြေလည်း ဆိုစရာမလို…။
မာမူဆိုင်က လက်ဖက်ရည်နှင့် ပလာတာ၊ စမူဆာတို့တွင် အရိုးမပါသဖြင့် အရိုးထိုးမည့်သူလည်း မရှိ..။
မာမူကလည်း လက်ဖက်ခြောက် ဈေး၊ ဂျုံဈေးတို့ကို နောက်ကွယ်က ကြိုးကိုင်မည့်သူ မရှိသဖြင့် ဒီကိစ္စတွေ စိတ်မဝင်စား ...။

ကမ္ဘာ့ဖလားကား အရာအားလုံးကို အာရုံလွှဲထားခဲ့ချေသည်…။
အဟောသုခံ…ချမ်းသာပေစွ…။

Credit To TheVoice

No comments:

Post a Comment

You might also like

Related Posts Plugin for WordPress, Blogger...