home

Sunday, July 20, 2014

မိဘပြည်သူများ ခံဗျား



“ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံတော်ကြီးကအဆင့်၁၂မှာရပ်တည်”ဟူသောထုတ်ပြန်ချက်အရသိရှိပြီးသံချောင်းအစိုးရနှင့် ပြည်သူများလှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြတော့သည်။ နိုင်ငံ ၂၁၅ နိုင်ငံပါတဲ့ အချမ်းသာဆုံး နိုင်ငံများစာရင်းမှာ အဆင့် ၁၂ တဲ့။ ဘာမှမသိ၊ မသိတဲ့ သူတွေကတော့ ဟွင်း...အဆင့် ၁၂ ဆို နည်းလားတို့ ဘာတို့ ပြောကြသည်။
တိုးတက်တာပေါ့၊ ပြောင်းလဲလိုက်တဲ့ သံချောင်းအစိုးရသစ်ရဲ့ ဆောင်ရွက်မှုကြောင့် ဒီလိုဖြစ်လာတာတို့ ဘာတို့ စသည်ဖြင့် ဆူညံစွာ ဝေဖန်ကြတော့သည်။ သို့သော် ၎င်းအဆင့် ၁၂ မှာ အောက်ဆုံးမှ ရေတွက်လျှင်သာ ဖြစ်ကြောင်း သိလိုက်ရတော့ အကုန် ပက်လက်လန် ကုန်ကြတော့သည်။ အကုန်လုံး လင်းတလှည်းနင်း ဖြစ်ကြတော့သည်။

ဟိုယခင်က အဆင်းရဲဆုံး ဖြစ်ခဲ့သည့် အီသီယိုးပီးယားတို့၊ ဆိုမာလီတို့ပင် မြန်မာနိုင်ငံက အထက်မှာ ရောက်နေသတဲ့။ ဒါသံချောင်းအစိုးရ အသုံးမကျလို့ ဖြစ်တာ။ ကြည့်ပါလား သံချောင်း ဝံဂျီးတွေက အလုပ်မလုပ်ဘဲ အားအားရှိ ကေတီဗီ မာဆတ်ပဲ တက်နေတာ။ နိုင်ငံကထွက်တဲ့ အရက်ဘီယာ မှန်သမျှ အကုန်သူတို့ပဲ သောက်နေတာ။ ဒါ့ကြောင့် ဒီလိုဖြစ်တာ စသည်ဖြင့် ကျယ်လောင်စွာ အော်ဟစ် ပြောဆိုကြတော့သည်။
တချို့ကလည်း သံချောင်းနိုင်ငံကို ဆင်းရဲတယ်။ ဘယ်သူပြောလဲ၊ ကြည့် ကေတီဗီ မာဆတ်တွေမှာဆို အချိန်ပြည့် လူပြည့်နေတာ အပြင်မှာတောင် ထိုင်စောင့်နေရသေး စသည်ဖြင့်လည်း ပြောကြသည်။ အရက်ဆိုင်တွေဆို အချိန်ပြည့် လူအပြည့်ပဲ ကြည့်ပါလား စသည်ဖြင့်ပေါ့။ သံချောင်းအစိုးရသည်ကား ၂၀၂၀ ရွေးကောက်ပွဲကြီးတွင် တစ်ပြည်လုံးရှိ အရက်သမားထု၏ ထောက်ခံမှုဖြင့် အာဏာရရှိလာခဲ့ခြင်း ဖြစ်သည်။ ကြိုတင် ပုလင်းပေး မဲများဖြင့် အနိုင်ရလာတာလို့လည်း ပြောခံခဲ့ရသည်။ ဘယ်လိုပင်ပြောပြော သံချောင်း အစိုးရအဖွဲ့ကတော့ ခပ်တည်တည်ပင်။
သံချောင်းအစိုးရအဖွဲ့ လိပ်ဥပုံ ခန်းမကြီးထဲတွင် ဖြစ်သည်။ ခေါင်းပေါင်းစ တထောင်ထောင်နှင့် တိုက်ပုံဝတ် ဝန်ကြီးတွေရော၊ ဘောင်းဘီမချွတ် စစ်ဘက်ဝန်ကြီးတွရော စုံလင်စွာ ရောက်ရှိနေကြသည်။ များပြားလှတဲ့ တစ်ရာ့တစ်ပါးသော ဝံမင်းများကတော့ အစည်းအဝေး မစမီ တက်ဘလက် ကိုယ်စီဖြင့် ပုလင့်ဒေါင်းသူဒေါင်း၊ စော်ပုံကြည့်သူကြည့်၊ ဂိမ်းဆော့သူ ဆော့နှင့် တိုးတက်လာသော ခေတ်ကို အမီလိုက်နေကြသည်မှာ အားရစရာ ကောင်းလှပေသည်။ သမ္မတကြီး ဦးသံချောင်း ကိုယ်တိုင်ပင်လျှင် သဘာပတိခုံထိုင်ပြီး နိုင်ငံခြားက ပေါင်ဖြူမတွေနဲ့ အကြည်ဆိုက်နေပေသည်။ အိမ်မှာသုံးလျှင် လေဒီသံချောင်း နားပန်ကျင်းမှာ ကြောက်လို့ ဖြစ်သည်။
ကဲကဲ၊ လူစုံပြီလား၊ လူစုံရင် တံခါးဖွင့် အစည်းအဝေး စမယ်။ လော်ဘီအုတ်ခဲက ဝန်ကြီးများအား သတိပေးကာ အစည်းအဝေး စဖို့ပြင်သည်။ အဆင်းရဲဆုံး နိုင်ငံများမှာအဆင့် ၁၂ ချိတ်သော ကိစ္စနှင့် ပတ်သက်လို့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် သံချောင်းအစိုးရအဖွဲ့ ကတ်ဘိနက် အစည်းအဝေး ခေါ်ထားခြင်း ဖြစ်သည်။
“သမ္မတကြီး အစည်းအဝေး စလို့ ရပါပြီခင်ဗျ”
အုတ်ခဲက တက်ဘလက်ဖြင့် စော်ပုံကြည့်နေသော အဓိပတိသံချောင်းကို အသိပေးလိုက်သည်။

ထိုတော့မှ ပြည်သူ့သံချောင်းလည်း တက်ဘလက် ပိတ်ကာ ကပျာကယာထ မိုက်ခွက်ကိုင်ကာ
“မိဘပြည်သူများ ခံဗျား”
“ဟာ..ဟာ...သမ္မတကြီး မှားနေတယ်။ မိန့်ခွန်းပြောရမှာ မဟုတ်ဘူးလေ။ ဒါက အစိုးရ အစည်းအဝေးလေ သတိထားဦး” ဟု ဘေးက အုတ်ခဲက သတိပေးသည်။

သြ .. အေးအေး ဟုတ်သားပဲ။ ငါကလည်း မိုက်ခွက်တွေ့ရင် ဒါပဲ ပြောချင်တော့တာ အကျင့်ပါနေလို့ အဟီး...အဟမ်း...အဟမ်း ကဲ..သံချောင်းဝန်မင်းတွေ ဘယ်လိုလုပ်ကြမလဲ။ အဆင်းရဲဆုံး နံပါတ် ၁၂ ဖြစ်နေပြီ နိုင်ငံကတော့။ ပြောကြပါဦး၊ ဟိုမောင်ထိန်လင်းတို့ အဖွဲ့ကလည်းကွာ ကိုယ်ကြားဖြတ်အစိုးရ ဆိုပြီး ဖွဲ့ကုန်ပြီ။ မန္တလေးမှာလည်း ကိုယ့်ခွက် ကိုယ်မသောက်ဘဲ သူများခွက် လုသောက်ရာကစလို့ ဒေါသတွေ လူအုပ် ထွက်ကုန်ကြပြီ။ ကျုပ်လည်း ဒေါသတွေ လူအုပ်ထွက်တိုင်း နိုင်ငံခြား လျှောက်လျှောက် သွားနေရတာလေ။ ဒီသံချောင်းက သိပ်မကြည်တော့ဘူးဟု ဆိုလေသည်။
“ဒေါသတွေ လူအုပ်ထွက်တဲ့ ပဋိပက္ခတွေ အတွက်တော့ စိတ်အေးအေးထားပါ သမ္မတကြီး။ ကျွန်တော်တို့ ရဲတပ်ဖွဲ့က အချိန်နှင့် တစ်ပြေးညီ ရပ်ကြည့်နေပါတယ်။ သမ္မတကြီး အေးဆေး လျှောက်သွားနေလို့ ရပါတယ်”
သံချောင်းရဲချုပ် သူရစနေ တင်ပြမှုကြောင့် သမ္မတရဲ့ ပြောင်နေသော နဖူးတစ်ချက် တွန့်ဝင်သွားသည်။
“ဟင် အချိန်နှင့် တစ်ပြေးညီ ထိန်းသိမ်းတာ မဟုတ်ဘူးလားဟင်”
“အချိန်နဲ့ တစ်ပြေးညီ ရပ်ကြည့်တာက ဆင်းရဲမွဲတေမှု ပပျောက်ရေးကို အထောက်အကူ ဖြစ်စေပါတယ်။ ပြဿနာတွေဖြစ် လူကြောက်လန့်ပြီး အကုန်ပြည်ပ ထွက်ပြေးကုန်ရင် တိုင်းပြည်မှာ လူဦးရေ နည်းသွားတဲ့အတွက် နိုင်ငံ ဂျီပီဒီ တိုးတက်လာနိုင်ပါတယ်…သမ္မတကြီး။”
“အမ် ကောင်းလိုက်တဲ့ အကြံကွယ်။ ကဲ၊ ကျန်တဲ့ ဝန်မင်းတွေလဲ ပြောကြပါဦး ဘယ်လိုလုပ်ကြမလဲလို့”
တကယ်တော့ တိုင်းပြည်ဆင်းရဲတယ် ဆိုတာ ဆင်းရဲတဲ့ ပြည်သူတွေ ပေါလို့ပါဟု ဝန်မင်းတစ်ပါးက ထပြောသည်။
ဟာ... မဟာပြင်ညာရှိကြီး အာ...နင်ပြောမှ သိတာဟဲ့ ထိုင်စမ်း မဟာပညာရှင်ကြီး အုတ်ခဲက ဝင်ဟောက်တော့ ထိုဝန်ကြီး ဇက်ပုသွားသည်။

“ကဲ အဲတော့ နိုင်ငံကြီး တိုးတက်အောင် ဆင်းရဲမွဲတေမှု ပပျောက်သွားဖို့ စီမံကိန်းချ ဆောင်ရွက်ထားတဲ့ အခြေအနေတွေ တင်ပြပါ။”

“ဟုတ်ကဲ့ ဆင်းရဲသား တိုက်ဖျက်ရေးအတွက် ဘိုဒိုဇာတွေ သုံးပြီး အစွမ်းကုန် ဆောင်ရွက်နေပါတယ်။ နောက်ပြီး နောက်နှစ်မှာ ဆင်းရဲမွဲတေမှုကို ၁၆ ရာခိုင်နှုန်းထိ လျှော့ချနိုင်ပါလိမ့်မယ်လို့ ပြောချင်ပါတယ်။ အဲဒီအတွက် ဘိုဒိုဇာတွေ များများလိုအပ်ပါတယ်။”
စည်ပင်ဝန်ကြီးက ထတင်ပြသည်။

“ကျွန်တော်တို့ ပြည်ထဲရေး အနေနဲ့လည်း ပုဒ်ထီးတွေ ပုဒ်မတွေနဲ့ လမ်းဘေးတွေကအစ ပပျောက်သွားအောင် အမျိုးမျိုး နှိမ်နင်းနေပါတယ် သမ္မတကြီးခင်ဗျ။ ကျွန်တော့်ဌာန အနေနဲ့ကတော့ ပေါက်ဖော်ကြီးဆီက ငွေတိုးချေးပြီး ဆင်းရဲတဲ့ ပြည်သူတွေကို နေ့ပြန်တိုး ပြန်ချေးနေပါတယ်။ ပြန်မဆပ်နိုင်မှ ရှိတာတွေ အကုန်သိမ်းပြီး ဆင်းရဲသားတွေ အကုန်ထွက်ပြေး ပပျောက်သွားအောင် စီမံကိန်းဆွဲ ဆောင်ရွက်ထားပါတယ် သမ္မတကြီး။ တကယ်တော့ တိုင်းပြည်ဆင်းရဲတယ် ဆိုတာ တစ်ဦးချင်းဝင်ငွေ နိမ့်ကျလို့ပါ။ ဒီတော့ တစ်ဦးချင်း ဝင်ငွေမြင့်တက်စေဖို့ နိုင်ငံတော်က ပံ့ပိုးပြီး ကေတီဗီ မာဆတ်တွေ များများဖွင့်လှစ်ပြီး အရွယ်ရောက်ပြီး ယောက်ျား၊ မိန်းမအားလုံးကို အဲဒီတွေမှာ အလုပ်ပေးလိုက်ရင် ဝင်ငွေတွေ တိုးတက်လာမှာပါ။ ပြည်ထဲရေးကသာ အဲဆိုင်တွေကို လိုင်းကြေး မကောက်ဘဲ ဖွင့်ခွင့်ပေးလိုက်ရင် တိုးတက်လာမှာ အသေအချာပါ။”
ပြည်ထဲဝန်ကြီးကို မျက်စောင်းချိတ်ကာ ဝံဂျီးတစ်ပါးကလည်း တင်ပြသည်။
“အလုပ်လုပ်နိုင်တဲ့ နိုင်ငံသား မှန်သမျှ စင်ကာပူကို အိမ်ဖော်အဖြစ် တင်ပို့လိုက်ရင်လည်း ဝင်ငွေဖြောင့်စေမှာ အမှန်ပါပဲ။ အဲတော့ နိုင်ငံခြားရေးအနေနဲ့ ပတ်စပို့စ်တွေကို အချိန်မဆွဲဘဲ အမြန်ထုတ်ပေးဖို့ လိုပါတယ်” စသည်ဖြင့် တစ်ယောက် တစ်ပေါက် ၎င်းတို့ အကြံများကို ထတင်ပြကြတော့သည်။ တင်ပြရင်း တင်ပြရင်းနှင့် ဝန်ကြီးဌာန အချင်းချင်း သူ့ကြောင့် ငါ့ကြောင့် လက်ခလယ်တွေ ထိုးကြကာ ဝန်ကြီးများ နပန်းထသတ်ကြတော့သည်။
ဒုန်းဒုန်း........လိပ်ဥပုံ ခန်းမတစ်ခုလုံး ဟိန်းသွားအောင် ဦးသံချောင်း တူထု သံပေးလိုက်မှ အားလုံး ပြန်ငြိမ်သွားတော့သည်။ မင်းတို့တွေ ပေါက်ကရအကြံတွေ တင်ပြ တစ်ယောက်တစ်ယောက် လက်ခလယ်ထိုး နပန်းသာ လုံးနေကြ။ ကြာရင် သံချောင်းနိုင်ငံက ဆင်းရဲချောက်ထဲ ဇောက်ထိုးကျတော့မယ် သိရဲ့လား။
“ဟင်း.. ဟင်း.. ဟင်း... ဒါတော့မပူပါနဲ့ သမ္မတကြီး။”
တစ်ချိန်လုံး ဘာမှဝင်မပြောဘဲ တက်ဘလက်ပွတ်ကာ စော်ကြူနေသော ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး အင်္ဂလိပ်ကိုကိုမောင်အသံ ယခုမှ ထွက်ပေါ်လာသည်။

“ကဲပြောပါဦး ဘာကို မပူရမှာတုံး” သမ္မတက ပြန်မေးသည်။
ဝန်ကြီးများ အားလုံးလည်း အင်္ဂလိပ် ကိုကိုမောင်ထံမှ အဖြေကို တိတ်ဆိတ်စွာ နားထောင်နေကြသည်။

“အဟွင်း .. အဟွင်း”
အနှီအင်္ဂလိပ်ကိုကိုမောင်ကား ၎င်း၏ တက်ဘလက်ကို ပိတ်လျက် မတ်တတ်ရပ်ကာ ထုံးစံအတိုင်း ငါးရှဥ့်ချဉ်စပ် အပြုံးလေးဖြင့် ပေးလိုက်သော အဖြေကြောင့် သမ္မတနဲ့ သံချောင်းဝန်ကြီးအားလုံး တိန်လို့တောင် မမြည်နိုင်ဘဲ အကုန် ပက်လန်သွားလေတော့သတည်း။
အနှီကာ ဝန်ကြီး ကိုကိုမောင်ရဲ့ အဖြေမှာကား
“အားလုံးဘာမှ မပူကြပါနဲ့ခံဗျား။ တိုင်းပြည်ကြီး ဘယ်ချောက်ထဲကျဖို့ လက်တစ်လုံး အလိုမှာ ဆွဲတင်ပေးဖို့ ကျွန်တော်တို့ သံချောင်းတပ်မတော်က အသင့်ရှိနေပါတယ် ခဗျား” ဟု ဆိုသတတ်။

လွန်တာရှိ ဝန္ဒာမိပါ အရပ်ကတို့။

Credit To TheVoice

No comments:

Post a Comment

You might also like

Related Posts Plugin for WordPress, Blogger...