home

Saturday, July 19, 2014

တိမ်ညိုတိမ်မည်းတို့ဖြင့် မှိုင်းမှုန်နေဆဲ ဂါဇာကမ်းမြောင်


ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသတွင် ယခုနှစ်ဇူလိုင်လ ၈ ရက်နေ့မှ စတင်ခဲ့သော အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုသည် တစ်ပတ်ကျော်လာသည်အထိ ရပ်မည့်အရိပ်လက္ခဏာ မတွေ့မြင်ရသေး။ တစ်ပတ်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁၄၀၀ ကျော်နေပြီ။ တိုက်တာအိုးအိမ် အလုံးပေါင်း ၁၅၀၀ ကျော် စိစိညက်ညက် ကျေသွားပြီး သေဆုံးသူလည်း ၁၇၃ ဦးရှိလာသည်။ သေဆုံးသူများတွင် ကလေးသူငယ် ၂၉ ဦးအပါအဝင် အမျိုးသမီးနှင့် ကလေး ၆၀ ကျော်ရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။
ထိုထုတ်ပြန်ချက်တွင် ဂါဇာဒေသရှိ ကလေးငယ် နှစ်သောင်းခွဲခန့်သည် စစ်ဘေးကြောင့် စိတ်ပိုင်းဆိုင်ရာဒဏ်ရာများ ရနေကြကြောင်း၊ ရေ ၉၀ ရာခိုင်နှုန်းမှာလည်း သောက်သုံးရန် မသင့်တော့ကြောင်းများလည်း ဖော်ပြထားသည်။
အစ္စရေးသည် လေကြောင်းတိုက်ခိုက်မှု စတင်သည်နှင့် အရန်တပ်လေးသောင်းကို စုဖွဲ့လိုက်သလို တင့်ကားများ၊ အမြောက်ကြီးများကို နယ်စပ်မျဉ်းတစ်လျှောက် တန်းစီချထားခဲ့လေသည်။ ဇူလိုင်လ ၁၄ ရက်တွင်တော့ ဂါဇာမြောက်ဘက်နယ်စပ်ကို ခြေလျင်တပ်များ စတင်ဖြတ်ကျော်သည့် သတင်းများ ရရှိလာသည်။ ကုလသမဂ္ဂကတော့ နှစ်ဖက်တိုက်ခိုက်မှုများ ရပ်စဲကြရန် အကြိမ်ကြိမ် မေတ္တာရပ်ခံလျက်ရှိသည်။ မကြာမီကတော့ နှစ်ဖက်တိုက်ခိုက်မှုကို ညှိနှိုင်းရန် အမေရိကန်သမ္မတက ကြားဝင်မည်ဟု ကြေညာသလို အီဂျစ်နှင့် အာရပ်အဖွဲ့ချုပ် တို့ကလည်း စစ်ရပ်စဲရန် ပန်ကြားခဲ့လေသည်။ နှစ်ဖက်စလုံးမှ ထိုပန်ကြားချက်များကို လက်ခံစဉ်းစားမည်ဟု ပြောခဲ့ကြသော်လည်း ဟားမာ့စ်များကလည်း ဒုံးပျံများကို ဆက်လက်ပစ်လွှတ်နေသလို အစ္စရေးကလည်း လေကြောင်း တိုက်ခိုက်မှုအရှိန်ကို မလျှော့သေး။
ယခုဆိုလျှင် ဂါဇာရှိ ဟားမာ့စ် စစ်သွေးကြွများ ပစ်လွှတ်ခဲ့သည့် (အီရန်လုပ်ဒုံးပျံဟု ယူဆရသော) ဒုံးပျံပေါင်း ၆၀၀ ကျော်လေပြီ။ ဒုံးပျံတချို့က မလှမ်းမကမ်းသို့ ကျရောက်သလို တချို့ကလည်း အစ္စရေးမြို့တော် တဲလ်အဗီအထိ ပျံသန်းသွားကြသည်။ ဒုံးပျံအချို့မှာ အစ္စရေး၏ Iron Drone ခေါ် သံမဏိစက်လုံးခြမ်း ကာကွယ်ရေးစနစ်နှင့်တိုး၍ လမ်းတစ်ဝက်တွင် ပျက်စီးကုန်သည်။ အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဂါဇာတွင် စိစိညက်ညက်ကျေနေစဉ် ဟားမာ့စ်၏ ဒုံးပျံကြောင့် အစ္စရေးတွင် ဘာမှကြီးကြီးမားမား မပျက်စီး၊ ထိခိုက်ဒဏ်ရာရသူကလည်း အရေအတွက် လက်ငါးချောင်းပင် မပြည့်။ ၂၀၀၈-၀၉ တုန်းကလည်း ယနေ့ကဲ့သို့ အပြန်အလှန် တိုက်ခဲ့ကြဖူးသည်။ ထိုစဉ်က နှစ်ဖက်ထိခိုက်မှု အချိုးအစားမှာ အစ္စရေး ၁၃ ဦးသေ၊ ပါလက်စတိုင်း ၁၄၀၀ သေကြသည်။ တစ်နည်းအားဖြင့် ၁း၁၁၀ ဖြစ်သည်။ ယခုအကြိမ်လည်း ဤအချိုးထက် လျော့မည်မဟုတ်။
ဤသို့ အပြန်အလှန် တိုက်ခိုက်မှုကြီး ဖြစ်ပေါ်လာခြင်းကို ဆယ်ကျော်သက် ကလေးများအပြန်အလှန် ပြန်ပေးဆွဲ သတ်ဖြတ်မှုနှစ်ခုမှ အစပြုနေသော်လည်း စစ်မီးပျိုးနေသည်မှာ ကြာလှပြီ ဖြစ်သည်။ အစ္စရေးက ဤစစ်ဆင်ရေးကို Operation Protective Edge ဟု အမည်ပေးထားသော်လည်း ‘မြက်ရိတ်ပွဲ’ ဟု အချို့ကခေါ်ကြသည်။ စစ်ဘက်ပြောခွင့်ရ ဒုဗိုလ်မှူးကြီးလာနားက ‘ဟားမာ့စ်များလက်ထဲတွင် ဒုံးကျည်ပေါင်း တစ်သောင်းကျော်လောက် ရှိသဖြင့် အစ္စရေးပြည်သူများကို သန်းချီအန္တရာယ် ပြုနိုင်စွမ်းရှိကြောင်း၊ ထိုအန္တရာယ်ကို ဟန့်တားရန် ဂါဇာကို မွှေနှောက်ရှာဖွေ၍ ဒုံးကျည်များ ဖျက်ဆီးရမည် ဖြစ်ကြောင်း ပြောကြားခဲ့လေသည်။ ယခုလေကြောင်း တိုက်ခိုက်မှု၏ ပစ်မှတ်များမှာ ဟားမာ့စ် ခေါင်းဆောင်နေအိမ်များ ဒုံးကျည် တပ်ဆင်ပြုလုပ်ရာ ဒုံးကျည်နှင့် လက်နက်ခဲယမ်း သိုလှောင်ရာ၊ ဒုံးပျံပစ်လွှတ်ရာ နေရာများ ဖြစ်သည်ဟုလည်း သူကဆိုပါသည်။
အစ္စရေးဘက်ကတော့ ဤတိုက်ခိုက်မှုကို မိမိကိုယ်ကိုယ် ကာကွယ်ခြင်းဟု ဆိုပါသည်။ အမေရိကန်သမ္မတ အိုဘားမားကလည်း အစ္စရေးတွင် မိမိကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ရှိသည်ဟု မကြာမီက ပြောကြားခဲ့သည်။ အစ္စရေးသည် ပြီးခဲ့သော ငါးနှစ်အတွင်း ဂါဇာကို ပိတ်ဆို့ တိုက်ခိုက်ခြင်း သုံးကြိမ်ပြုလုပ်ခဲ့ရာ အကြိမ်တိုင်းတွင် အမေရိကန်နှင့် ဥရောပတို့က အစ္စရေး၏ မိမိကိုယ်ကိုယ်ကာကွယ်ခြင်းကို ထောက်ခံခဲ့ကြသည်။ ဤအတိုင်းဆိုလျှင် ပါလက်စတိုင်းဟားမာ့စ်က ထိုးစစ်ဆင် တိုက်ခိုက်သူ၊ အစ္စရေးက မိမိကိုယ်ကိုယ် ခုခံကာကွယ်သူဟု အဓိပ္ပာယ် ရနေလေသည်။ ၉/၁၁ အကြမ်းဖက်မှုကြီး နောက်ပိုင်း အကြမ်းဖက်ဝါဒကို ဆန့်ကျင် တိုက်ခိုက်မှုမှန်သမျှ မိမိကိုယ်ကိုယ် ကာကွယ်မှု ဖြစ်သည်ဟု အမေရိကန်မှ မှတ်ယူထားသည်ကို မမေ့ဖို့ လိုပါသည်။ သို့ဆိုလျှင် ဂါဇာတိုက်ခိုက်မှုသည် အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေးစာရင်းထဲတွင် ရောက်ရှိနေပေမည်။
UN Charter ပုဒ်မ ၅၁ အရ နိုင်ငံတိုင်းသည် လက်နက်ကိုင် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရပါက မိမိကိုယ်ကိုယ်ကာကွယ်ခွင့် ရှိကြောင်း အတိအလင်း ပြဋ္ဌာန်းထားပါသည်။ ထိုပြဋ္ဌာန်းချက်ကို အဓိပ္ပာယ် ဖွင့်ရာတွင်မူ အချက်နှစ်ချက်ပေါ်မှ ကွဲလွဲမှုတွေ ပေါ်လေ့ရှိသည်။ ပထမတစ်ခုမှာ မည်သူက မည်သို့တိုက်ခိုက်မှ ဤပြဋ္ဌာန်းချက်နှင့် အကြုံးဝင်သနည်းဖြစ်ပြီး ဒုတိယတစ်ခုမှာ မိမိကိုယ်ကိုယ် ကာကွယ်ခွင့်သည် အကန့်အသတ်မရှိ ထင်ရာစိုင်းခွင့်လော၊ အကန့်အသတ်ရှိသော သူ့အိုးသူ့ဆန် တန်ရုံတုံ့ပြန်ခွင့်လောဟူသည့် ကွဲလွဲမှုများ ဖြစ်သည်။ အမေရိကန်သည် မိမိကိုယ်ကိုယ် ကာကွယ်ခွင့် ဆိုင်းဘုတ်အောက်မှ အီရတ်တွင် ဖျက်အားပြင်း လက်နက်ရှိသည်ဟု စွပ်စွဲကာ ၂၀၀၃ ခုနှစ်တွင် ဝင်ရောက် သိမ်းပိုက်ဖူးလေသည်။
ဂါဇာသည် ကုလသမဂ္ဂ၏ တရားဝင် သတ်မှတ်ချက်အရ အစ္စရေး၏ ‘အသိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေ’ ဖြစ်သည်။ အစ္စရေး၏ ကန့်ကွက်မှုကြောင့် ကုလသမဂ္ဂမှ နိုင်ငံတစ်ခုအဖြစ် အသိအမှတ် မပြုသေးချေ။ နိုင်ငံတစ်ခုထက် ဒုက္ခသည်စခန်းကြီးတစ်ခုနှင့် ပိုတူလေသည်။ ပြင်ပနိုင်ငံများမှာ ထောက်ပံ့မှုကို မှီခိုနေရပြီး လူဦးရေ တစ်ဝက်လောက်ကလည်း တကယ်ပင် စစ်ပြေးဒုက္ခသည်များ ဖြစ်နေသည်။ လူဦးရေသုံးသန်းအနက် တစ်သိန်းခြောက်သောင်းမှာ အစိုးရအမှုထမ်း ဖြစ်နေပြီး ကျန်ဥယျာဉ်ခြံမြေ စိုက်ပျိုးသူများကလည်း မိမိတို့၏ စိုက်ပျိုးသီးနှံများကို အစ္စရေး၏ စီစဉ်မှုအောက်တွင် ဥရောပကို ပို့ရလေသည်။
ပါလက်စတိုင်း အာဏာပိုင်အဖွဲ့တွင် နယ်စပ်ဂိတ် အခွန်ကောက်ခွင့် မရှိပေ။ ၂၀၀၅ ခု အစ္စရေးစစ်တပ်များ ထွက်သွားပြီးနောက်ပိုင်း အီဂျစ်နယ်စပ်မှလွဲ၍ ကျန် ကြည်း၊ ရေ၊ လေ ထွက်ပေါက်အားလုံးကို အစ္စရေးက ထိန်းချုပ်ထားသည်။ နယ်ခြား အခွန်ကောက်စရာရှိလျှင် အစ္စရေးက ကောက်ယူ၍ ပါလက်စတိုင်းကို လွှဲပေးသည်။ အဖုအထစ်တစ်ခုခု ဖြစ်သည်နှင့် နည်းမျိုးစုံပိတ်ဆို့ခြင်း ခံရတော့သည်။ ဂါဇာတွင် ဟားမာ့စ်အယ်အက်စာ အာဇာနည်တပ်ဖွဲ့ အခြေစိုက်သော်လည်း ထိုအဖွဲ့လက်ထဲသို့ လက်နက်ခဲယမ်းများ မကျရောက်အောင် အစ္စရေးက ရေကြောင်း ပိတ်ဆို့မှုကို အကြီးအကျယ် လုပ်ထားလေသည်။ သို့ဖြင့် အီဂျစ်နယ်ခြားမျဉ်း တစ်လျှောက် မှောင်ခိုမြေအောက် ဥမင်လမ်းကြောင်းများ နေရာလပ်မကျန်အောင် ပေါ်ထွက်လာတော့သည်။
မိမိကိုယ်ကို ကာကွယ်ပိုင်ခွင့်နှင့် ပတ်သက်ပြီး ဒုတိယအငြင်းပွားဆုံး အချက်မှာ အတိုင်းအတာ မည်မျှအထိ ပြန်လည် တိုက်ခိုက်ခွင့်ရှိသနည်း ဆိုသည့် ပြဿနာ ဖြစ်သည်။ မိမိကိုယ်ကိုယ် ကာကွယ်သည်ဆိုပြီး သတ္တဝါနှင့်လက်နက် မမျှအောင် စိစိညက်ညက်ချေခွင့် ရှိပါသလော၊ စစ်ဘက်ပစ်မှတ်၊ အရပ်ဘက်ပစ်မှတ် မခွဲဘဲ ပစ်ခတ်တိုက်ခွင့် ရှိပါသလော၊ အရပ်သားနှင့် စစ်သားရောနှောနေလျှင် အားလုံးကို ရှင်းပစ်ခွင့်ရှိပါသလော စသည့်ပြဿနာများလည်း ဖြစ်ပေါ်နေပါသည်။ အစ္စရေးကတော့ ယခုဂါဇာတိုက်ခိုက်မှုတွင် ပစ်မှတ်ကိုမပစ်ခတ်မီ အရပ်သားများ ထွက်ခွာရန် ကြိုတင် အသိပေးမှုများ လုပ်ခဲ့ကြောင်း ဖြေရှင်းပါသည်။ သို့ဆိုလျှင် လေကြောင်းမှ တိုက်ခိုက်မှုသည် အိုးအိမ်တိုက်တာများ ဖြိုဖျက်ပစ်နိုင်သည့် ရလဒ်မှလွဲ၍ ဟားမာ့စ်များကို ထိထိရောက်ရောက် ချေမှုန်းနိုင်ခြင်း သိပ်ရှိနိုင်မည် မဟုတ်ချေ။
တကယ်တော့ လက်ရှိ ဂါဇာအပြန်အလှန် တိုက်ခိုက်မှုတွင် ပါလက်စတိုင်းများကို ထိုးစစ်ဆင် တိုက်ခိုက်လာသူဟု မသတ်မှတ်နိုင်သလို အစ္စရေး၏ တိုက်ခိုက်မှုကိုလည်း မိမိကိုယ်ကိုယ် ကာကွယ်မှုဟု မခေါ်နိုင်ချေ။
ဤတိုက်ခိုက်မှုပုံစံသည် အင်အားကြီးမားသူနှင့် အင်အားနည်းသူတို့ အကြားတွင် ဖြစ်ပွားတတ်သော အလွန်ရိုး အလွန်ဟောင်း အလွန်ရှေးကျသော တိုက်ပွဲပုံစံ ဖြစ်လေသည်။ အင်အားကြီးသူများသည် မိမိစိုးမိုးအုပ်ချုပ်မှုကို ကာကွယ်ရန် သူပုန်သူကန်များ၊ စစ်ရှုံးသူများကို နောင်ကြဉ်အောင် ရက်ရက်စက်စက် ဒဏ်ခတ်ကြမည် ဖြစ်သည်။ ရှေးဟောင်း ပါရှားဧကရာဇ်ကြီး ဇီနိုဖုန်းသည် အာရှမိုင်နာရှိ မြို့ရွာအားလုံး ပြာကျအောင် မီးလောင်တိုက်သွင်းပြီး ငတ်မွတ်ခေါင်းပါးအောင် သီးနှံခင်းအားလုံး ဖျက်ဆီးခဲ့ဖူးသည်။ ဒုတိယကမ္ဘာစစ် ကာလအတွင်း ဟစ်တလာ၏ နာဇီတပ်များကလည်း ဘာထူးသေးသနည်း။ ထိုသို့ အင်အားသုံး အကျပ်ကိုင်ခြင်း၏ ရည်ရွယ်ချက်မှာ စစ်ရှုံးသူ သို့မဟုတ် ပုန်ကန်သူများကို စေ့စပ်ဆွေးနွေးပွဲတွင် မိမိအကြိုက်လိုက် လျောလာရန် ဖြစ်သည်ဟု ဆိုပါသည်။
တစ်ဖက်တွင်မူ အင်အားနည်းသူ၏ တိုက်ခိုက်မှုပုံစံက တစ်မျိုးတစ်ဖုံ ဖြစ်သည်။ သူတို့တွင် အင်အားကြီးသော အုပ်စိုးသူကို တစ်ချီတည်း တိုက်ခိုက်နိုင်စွမ်းမရှိ၊ နိုင်ငံရေးအယူအဆ အမျိုးမျိုးကိုလိုက်၍ ဆန့်ကျင်တိုက်ခိုက်ပုံ အမျိုးမျိုးရှိသည်။ ဤနေရာတွင် အကြမ်းဖက် ခြိမ်းခြောက်ရေးဝါဒ Terrorism ကိုပဲ ကြည့်ကြပါစို့။ ၁၉၇၀၊ ၈၀၊ ၉၀ တစ်ဝိုက်တွင် ထိုအကြမ်းဖက်ဝါဒ အတော်ကလေး ရေပန်းစားခဲ့သည်ကို မှတ်မိကြပါလိမ့်ဦးမည်။ ဤအကြမ်းဖက်နည်းကို အိုင်ယာလန် IRA သူပုန်ကလည်း သုံးသည်။ တမီးလ်ကျား သူပုန်ကလည်း သုံးသည်။ စက်တင်ဘာ နက်အဖွဲ့ကလည်း သုံးသည်။ ကဒ်သူပုန်၊ ချေချင်ညှာသူပုန်၊ ကက်ရှမီးယား သူပုန်များကလည်း သုံးသည်။ အစ္စလာမ် အစွန်းရောက် စစ်သွေးကြွများဖြစ်သည့် ဟစ္စဗိုလာ၊ ဟားမာ့စ်၊ အယ်ကိုင်ဒါများ ခေတ်တွင်တော့ အကြမ်းဖက်နည်းတွေ ပို၍စုံလင်လာတော့သည်။ အကြမ်းဖက်မှုကြောင့် စာနာမှုရမလာဘဲ ဆန့်ကျင်မှုကို ကြုံရသည်က များသည်။
ဤစစ်သွေးကြွအဖွဲ့ အများစုကြီးမှာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ သူတစ်ပါးလက်အောက်မှ လွတ်မြောက်ခွင့်များ ရရှိရေး ဖြစ်သော်လည်း ထိုအခွင့်အရေးများ ရရှိရန် ရန်သူကို ခြိမ်းခြောက် အကျပ်ကိုင်ခြင်း၊ မိမိတို့အပေါ် ပြင်ပမှ စာနာထောက်ခံမှုရရန် ရန်သူ၏ ဖိနှိပ်မှုကို ဖွင့်ချရေးများကို ဇောင်းပေးလုပ်ကိုင်ကြသည်။ ထိုသို့ လုပ်ကိုင်ရာတွင် အကြမ်းဖက် ပုံစံသုံးမျိုးကို တွေ့နိုင်သည်။
(၁) ၁၉၇၀ ပြည့်နှစ်များအတွင်း လေယာဉ်ပြန်ပေးဆွဲ၊ ဓားစာခံဖမ်း၊ ဗုံးခွဲ စသည့်နည်းဖြင့် နိုင်ငံရေး တောင်းဆိုချက်များ တောင်းဆိုကာ ခြိမ်းခြောက်သည့် သရုပ်ပြ (Demomstrative) အကြမ်းဖက်နည်း၊ (၂) ထိုကာလအတွင်း ပစ်မှတ်ကို ခြိမ်းခြောက်ရုံမက လူကိုအန္တရာယ်ပြုသည့် သတ်ဖြတ်မှုများကို ဇောင်းပေးလုပ်သည့် ဖျက်ဆီးပစ်ရေး (Destructive) အကြမ်းဖက်နည်း၊ ဥပမာ IRA အိုင်ယာလန်သူပုန်၊ ဂျာမန် ဘားဒါမိန်းဟော့အုပ်စု၊ ပါလက်စတိုင်းအဖွဲ့များ၊ (၃) အရပ်သားစစ်သား ပစ်မှတ်မခွဲဘဲသူနှင့်အတူ များနိုင်သမျှများများ သေရွာသို့ ခေါ်သွားသည့် အသေခံဗုံးခွဲ တိုက်ခိုက်ရေး (Suicide Terrorism) အကြမ်းဖက်နည်း ဖြစ်သည်။
ယခုဟားမာ့စ်နှင့် ဟစ္စဗိုလာ စစ်သွေးကြွများ အသုံးပြုနေကြသော ဒုံးကျည်ဖြင့် အစ္စရေး အရပ်သားများကို အဝေးမှ လှမ်းပစ်သည့်နည်းမှာလည်း အကြမ်းဖက် ခြိမ်းခြောက် အကျပ်ကိုင်နည်းတစ်ခု ဖြစ်သည်။ မိမိတို့လက်ထဲတွင် ဒုံးကျည်တွေရှိသည်။ မိမိတို့တောင်းဆိုချက် မရရှိက ဒုံးကျည်ဖြင့် တိုက်ခိုက်မည်ဟု ခြိမ်းခြောက် အကျပ်ကိုင်ခြင်း ဖြစ်သည်။ လက်တွေ့တွင်မူ မိမိတို့ ခြိမ်းခြောက်မှုကို အလွန်အင်အားကြီးသော တစ်ဖက်သားက ခေါင်းငုံ့မခံဘဲ မိမိတို့၏ တိုက်တာအိုးအိမ်တွေ၊ အခြေခံအဆောက်အဦတွေ၊ မိသားစုတွေကို ရစရာမရှိအောင် ဖျက်ဆီးပစ်ခြင်းနှင့် ကြုံတွေ့ကြရတော့သည်။
အမှန်တော့ စစ်ဆိုသည်မှာ နိုင်ငံရေးအရ ကူးလူးယှက်သန်းမှု၏ အဆက်ဖြစ်သည်။ အစ္စရေးသည် အရှေ့အလယ်ပိုင်းဒေသ၏ တစ်ခုတည်းသော ဒီမိုကရေစီဟု ယူဆကြသော်လည်း ရှေးရိုးစွဲဝါဒီများ၏ ဗိုလ်ကျစိုးမိုးရေး ထောင်ချောက်ထဲတွင် ရောက်ရှိနေသည်။ ပါလက်စတိုင်းများတွင် မိမိနိုင်ငံထူထောင်ရေး ဆိုသည့် တရားမျှတသော တိုက်ပွဲဝင်လိုကြသော်လည်း ဘာသာရေး အစွန်းရောက် စစ်သွေးကြွတို့၏ အကြမ်းဖက် အကျပ်ကိုင်ရေးဝင်္ကပါထဲ ရောက်ရှိနေလေသည်။ ထိုဒေသသည် တိုးတက်သော နိုင်ငံရေးအယူအဆ၊ တိုးတက်သော လူမှုပြောင်းလဲရေး လှုပ်ရှားမှုနှင့် တိုးတက်သော ငြိမ်းချမ်းရေး စစ်ရေးအမြင်များနှင့် အလှမ်းကွာနေဆဲ ဖြစ်သည်။ ဂါဇာမှ ငါးနှစ်အရွယ် ကလေးငယ် တစ်ဦးကဲ့သို့ အရွယ်နှင့်မမျှ စစ်ဒဏ်သုံးကြိမ် ကြုံရသောနေရာမျိုး တခြားတွင် မတွေ့နိုင်ပါ။

Credit To TheVoiceMyanmar

No comments:

Post a Comment

You might also like

Related Posts Plugin for WordPress, Blogger...